ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ရဲ့ အစောပိုင်း ပွဲစဉ် မှာတော့ နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့ အကြိတ်အနယ် ကစားပြီး တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပွဲတလျှောက်လုံး ဖျော်ဖြေမှု ရသအပြည့် ပေးခဲ့ပြီးတော့ ချဲလ်ဆီးတို့ နောက်ကနေ လိုက်ကစားပြီး စိန့်ဂျိမ်းစ်ပါ့ခ်မှာ သရေ တစ်မှတ် ရခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲ နယူးကာဆယ်ရဲ့ လူစာရင်းမှာ ပုပ်၊ ဘန်း၊ လက်ဆဲလက်စ်၊ ထရစ်ပီယာ၊ ဘော့တ်မန်း၊ အိုဆူလာတို့ လွဲချော်ခဲ့ပေမယ့် ပွဲစကတည်းက ပြိုင်ဘက်ကို High Pressing နဲ့ ကစားပြီး အားအင်အပြည့်နဲ့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး ဘက်မှာလည်း အက်စတီဗာအို၊ အက်ဆူဂို၊ ဒီလက်ပ် တို့ လွဲချော်ခဲ့ပြီး ပထမပိုင်းမှာ တော်တော်လေးကို ရုန်းကန်ခဲ့ရတာပါ။ ပထမပိုင်းမှာ အိမ်ရှင် နယူးကာဆယ်က ချဲလ်ဆီးကို အပြတ်အသတ် အသာရခဲ့ပြီး ဂိုးပေါက် ကန်ချက် ၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၅ ကြိမ်၊ အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု ၆ ကြိမ် အထိ ရှိခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ နယူးကာဆယ်တို့ အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု အများဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
နယူးကာဆယ် အတွက် အဖွင့်ဂိုး ကိုတော့ ပွဲစပြီး ၄ မိနစ်မှာပဲ အန်သိုနီ ဂေါ်ဒွန်ရဲ့ ကန်ချက်ကို ရော်ဘတ်ဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့ပေမယ့် ဂိုးရှေ့မှာ အသင့် ရှိနေတဲ့ တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမာဒါက အပိုင်ပိတ်သွင်းခဲ့ပါတယ်။ အဲဒီနောက် မိနစ် ၂၀ မှာ ဝေါလ်တီမာဒါက ဒုတိယဂိုး သွင်းယူခဲ့ပြီး ဂျာမန်သားက ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ ပထမပိုင်း မိနစ် ၂၀ အတွင်း ၂ ဂိုး သွင်းနိုင်တဲ့ စတုတ္ထမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူ့ထက် အရင်က ရော်ဘီ ဖောင်လာ (၁၉၉၄)၊ ပေါလ် စခိုးလ်(၁၉၉၅)၊ အဂွဲရိုး (၂၀၁၉) တို့ကလည်း အခုလို ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။ နယူးကာဆယ် ကတော့ ပြီးခဲ့တဲ့ရာသီ ကနေ စပြီး လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ်မှာ ပွဲကစားချိန် ၅ မိနစ် အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး အရေအတွက်က ၈ ဂိုး အထိ ရှိလာပြီး ဒါက တခြားအသင်းတွေထက် ပိုများတဲ့ ဂိုး အရေအတွက် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်း မှာတော့ ချဲလ်ဆီးတို့ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ကို ပြန်လာနိုင်ခဲ့ပြီးတော့ ၄၉ မိနစ် မှာတော့ ရိစ် ဂျိမ်းစ်ရဲ့ လှပတဲ့ ဖရီးကစ် ကနေ ပထမ ချေပဂိုး ရရှိခဲ့ပါတယ်။ ရိစ်ဂျိမ်းစ်ဟာ ၂၀၂၃ နိုဝင်ဘာလတုန်းက ရာဟင်းမ် စတာလင် နောက်ပိုင်း နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖရီးကစ် ကနေ ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး ချဲလ်ဆီး ကစားသမား ဖြစ်လာခဲ့ပါတယ်။
ချဲလ်ဆီးရဲ့ ဒုတိယ ချေပဂိုးကို ပွဲချိန် ၆၆ မိနစ်မှာ ရောဘတ် ဆန်းချက်ဇ် ကန်တင်ပေးတာကို ယာအို ပက်ဒရိုက နယူးကာဆယ် နောက်ခံလူ မာလစ် သီယောရဲ့ အမှား ကနေ ဘောလုံး ဆွဲပြေးပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ယာအို ပက်ဒရို အတွက်တော့ နိုဝင်ဘာ ၈ ရက်နေ့ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက် ပြန်တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ အခုပွဲမှာ VAR ရဲ့ဆုံးဖြတ်ချက် တချို့က အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ပယ်နယ်တီ ဧရိယာ အတွင်း အန်သိုနီ ဂေါ်ဒွန်ကို ချာလိုဘာ ခပ်ကြမ်းကြမ်း ဝင်တိုက်ခဲ့ပေမယ့် နယူးကာဆယ်တို့ ပယ်နယ်တီ မရခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကလည်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်သလို ဒီရာသီ ပရီးမီးယားလိဂ် မှာလည်း အခွင့်အရေး ဖန်တီးနိုင်မှု အများဆုံး ဂိုးသမား အဖြစ် ၅ ကြိမ်နဲ့ ရပ်တည်လျက် ရှိနေပါတယ်။ အချက်အလက်တွေအရ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်း အပြီးမှာ ၂-၀ ဂိုးပြတ် ရလဒ်နဲ့ အထက် ဦးဆောင်ခြင်း ခံနေရပြီးမှ ရှုံးပွဲ မတွေ့ခဲ့တာက စတုတ္ထအကြိမ်မြောက် ဖြစ်ပါတယ်။
ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး နယူးကာဆယ် ကတော့ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ငှက်ကြားတွေက လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ချဲလ်ဆီး ကတော့ ဗီလာကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားရမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


