အိန်ဂျယ် ဒီမာရီယာ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ကုန်ဆုံးခဲ့တဲ့ သူ့ရဲ့ အချိန်တွေအကြောင်းကို Sports Illustrated နဲ့ သီးသန့် အင်တာဗျူးမှာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။ “အစပိုင်းမှာတော့ အားလုံးက အဆင်ပြေခဲ့ပါတယ်” လို့ ဒီမာရီယာက သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝကို လွမ်းဆွတ် တမ်းတတဲ့ လေသံနဲ့ ပြန်လည် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ကြောက်စရာ ကောင်းတဲ့ ပုံပြင် တော်တော်များများဟာ ပျော်စရာကောင်းတဲ့ အစပျိုးမှုတွေနဲ့ပဲ စတင်လေ့ ရှိကြတာပါ။
ဒီမာရီယာဟာ ၂၀၁၄ နွေရာသီမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် ရောက်ပြီး ၅ လ အကြာ မှာတင် သူဟာ အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းရင်း ကတော့ အဲဒီအချိန်က မန်ချက်စတာယူနိုက်တက် နည်းပြ လူးဝစ္စ ဗန်ဂါးလ်နဲ့ ဖြစ်ပွားနေတဲ့ အဆင်မပြေမှုတွေ အကြားထဲမှာ စိတ်ခြောက်ခြားစရာကောင်းတဲ့ နေအိမ် ဖောက်ထွင်းခံရမှုကပါ ထပ်ဆင့် တွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့လို့ပါ။
လွန်ခဲ့တဲ့ ၁၀ စုနှစ် အတွင်းမှာ သူတို့နှစ်ဦးဟာ မန်ချက်စတာမှာ ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေ အတွက် တစ်ဦးကိုတစ်ဦး အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။ Sports Illustrated နဲ့ အင်တာဗျူးမှာ ဒီမာရီယာရဲ့ နာကျည်းမှုတွေကို အထင်အရှား မြင်တွေ့နေရဆဲ ဖြစ်ပေမဲ့လည်း ကမ္ဘာ့ဖလားချန်ပီယံ ဒီမာရီယာက အစပိုင်းမှာတော့ အရာအားလုံးဟာ တကယ်ကို ကောင်းမွန်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
အားတက်သရော အစပြုမှုကနေ မှေးမှိန်သွားခြင်း
“ကျွန်တော် အသင်း အတွက် ဂိုးတွေသွင်းခဲ့သလို တခြားသူတွေ ဂိုးသွင်းနိုင်ဖို့လည်း အကြိမ်ကြိမ် ဖန်တီးပေးခဲ့ပါတယ်” လို့ ဒီမာရီယာက ပရီးမီးယားလိဂ်ကို စတင်ဝင်ရောက်လာချိန်မှာ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကို ပြန်ပြောင်း ပြောပြပါတယ်။ ခန္ဓာကိုယ် သွယ်လျလွန်းတာကြောင့် El Fideo (ခေါက်ဆွဲပြားလေး) လို့ အမည်ပြောင်ပေးခံထားရတဲ့ သူဟာ အင်္ဂလန်ရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကြားမှာပဲ ပထမဆုံး ၅ ပွဲ အတွင်း မှာတင် ၃ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူ့ရဲ့ အကောင်းဆုံး အခိုက်အတန့် ကတော့ အဲဒီနှစ် စက်တင်ဘာလမှာ လက်စတာစီးတီးရဲ့ ကွင်းမှာ ကက်စပါ ရှမိုက်ကယ်ရဲ့ ခေါင်းပေါ် ကနေ ကျော်ပြီး ဂိုးသွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပွဲမှာ ယူနိုက်တက်ဟာ ၃-၁ နဲ့ ဦးဆောင်ထားရာ ကနေ ပွဲပြီးခါနီး မိနစ် ၃၀ အတွင်းမှာ ၄ ဂိုး ဆက်တိုက် ပြန်ပေးလိုက်ရပြီး ၅-၃ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီရှုံးနိမ့်မှု ကနေပဲ ဗန်ဂါးလ်ရဲ့ စိတ်ထဲမှာ သူ့ရဲ့ ၄-၄-၂ ကစားကွက် အပေါ် သံသယတွေ ဖြစ်စေခဲ့ပါတယ်။ ဒီကစားကွက်က ဒီမာရီယာ အတွက် အဆင်ပြေပေမယ့် တခြားကစားသမားတွေ အတွက်တော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဗန်ဂါးလ်ဟာ အသင်းရဲ့ ဟန်ချက်ကို ပြန်ထိန်းဖို့ ကြိုးစားရင်း ကစားကွက် ပုံစံတွေကို ခဏခဏ ပြောင်းလဲခဲ့တာကြောင့် တန်ဖိုး အကြီးဆုံး ကစားသမား ဖြစ်တဲ့ ဒီမာရီယာ အတွက် နစ်နာမှုတွေ ရှိလာခဲ့ပါတယ်။
“ရုတ်တရက် ဆိုသလို ဗန်ဂါးလ်က ကျွန်တော့်ကို ကျွန်တော် တစ်ခါမှ မကစားဖူးတဲ့၊ သက်သောင့်သက်သာ မရှိတဲ့ နေရာတွေမှာ ပြောင်းလဲ ကစားခိုင်းတော့တာပဲ” လို့ ဒီမာရီယာက ဆိုပါတယ်။ ဒါ့အပြင် ဒတ်ခ်ျ နည်းပြကြီးဟာ ကစားသမားရဲ့ အားနည်းချက် ကိုသာ ထောက်ပြပြီး အားသာချက်ကို ဘယ်တော့မှ မချီးမွမ်းတတ်တာ ကလည်း သူ့ကို ပိုပြီး စိတ်ဓာတ်ကျစေခဲ့ပါတယ်။
“ကျွန်တော်က ကစားတဲ့အခါ စွန့်စားရတာကို နှစ်သက်တဲ့သူပါ။ ဒါပေမယ့် သူကတော့ အဲဒီလို မမြင်ဘူး။ ကျွန်တော်က တိုက်စစ်ကစားသမား တစ်ယောက် ဆိုတာကို သူ ဘယ်တော့မှ နားမလည်ခဲ့ဘူး။ အဲဒီမှာပဲ သူနဲ့ ပဋိပက္ခတွေ စတာပါပဲ။ နောက်ပိုင်းမှာ ကျွန်တော် ကစားရတာ တုံ့ဆိုင်းလာခဲ့ပြီး သူကလည်း ကျွန်တော့်ကို အရန်ခုံပေါ် ပို့လိုက်တော့တာပါပဲ။”
သည်းခံနိုင်စွမ်း ကုန်ဆုံးသွားတဲ့ အချိန်
“ကျွန်တော့် မိသားစု ကလည်း ဒီမှာ မပျော်ကြဘူး။ မြို့ကိုလည်း ကျွန်တော် သဘောမကျဘူး။ ရာသီဥတု ကလည်း ကျွန်တော့် အတွက် အထောက်အကူ မဖြစ်ခဲ့ပါဘူး။ အဲဒီကြားထဲ နည်းပြနဲ့ပါ ပြဿနာဖြစ်တော့ အခြေအနေတွေက ပိုဆိုးလာတာပေါ့။” လို့ သူက ဆက်ပြောပါတယ်။
ဒဏ်ရာ ပြဿနာတွေနဲ့ အာဆင်နယ်နဲ့ ပွဲမှာ မလိုအပ်ဘဲ အနီကတ်ပြခံရတာတွေက ဒီမာရီယာကို ပိုပြီး အကြပ်ရိုက်စေခဲ့ပေမယ့် နောက်ဆုံး လက်လျှော့လိုက်ရတဲ့ အကြောင်းရင်း ကတော့ သူတို့ မိသားစု ညစာစားနေတုန်းမှာ လူ ၃ ယောက်က သူတို့အိမ်ကို ဝင်ရောက် လုယက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ အချက်ပေး ခေါင်းလောင်းသံကြောင့် လုယက်သူတွေ ထွက်ပြေးသွားကြပေမယ့် ဒီဖြစ်ရပ်က ဒီမာရီယာ အပေါ် အကြီးအကျယ် သက်ရောက်မှု ရှိခဲ့ပါတယ်။
“အဲဒီလို ဖြစ်ရပ်မျိုးကို ဘယ်သူမှ မလိုလားပါဘူး။ ဒါပေမယ့် သူတို့ ကျွန်တော့်ကို လုယက်ဖို့ ကြိုးစားခဲ့တာ ကိုတော့ ကျွန်တော် ကျေးဇူးတင်မိတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်မှာပဲ ‘ဘာပဲဖြစ်ဖြစ် ဒီအသင်း ကနေ ငါ ထွက်တော့မယ်’ဆိုပြီး ကျွန်တော့်ရဲ့ အေးဂျင့်ကို ပြတ်ပြတ်သားသား ပြောလိုက်နိုင်လို့ပါပဲ။” လို့ သူက ဝန်ခံခဲ့ပါတယ်။
ဒီမာရီယာဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပြီး ဟားလ်စီးတီးနဲ့ ကစားတဲ့ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲမှာလည်း ၂၃ မိနစ် မှာတင် ဒဏ်ရာရပြီး လူစားလဲခံခဲ့ရပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့ပေမယ့် စိတ်ပျက်စရာတွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ သူ့ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမား ဘဝ အတွက် လျော်ကန်တဲ့ နိဂုံး တစ်ခု ဖြစ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


