လက်စတာစီးတီး ကတော့ အိမ်ကွင်း King Power မှာ ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် မျှော်လင့်ချက် ရှိနေတဲ့ ဟားလ်စီးတီးနဲ့ ၂-၂ သရေကျခဲ့တာကြောင့် လိဂ်ဝမ်းဆီ တန်းဆင်းသွားရပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီ နောက်ပိုင်း လက်စတာစီးတီးတို့ ပထမဆုံးအကြိမ် ချန်ပီယံရှစ် ကနေ တန်းဆင်းပြီး တတိယတန်းလိဂ်မှာ ကစားရတော့မှာလည်း ဖြစ်ပါတယ်။
ပွဲက အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိခဲ့ပြီး ပွဲအစ ၁၈ မိနစ်မှာပဲ လီယမ် မီလာက ဟားလ်စီးတီး အတွက် ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၅၂ မိနစ်မှာ ဂျော်ဒန် ဂျိမ်းစ်က ပင်နယ်တီက တစ်ဆင့် လက်စတာစီးတီး အတွက် ချေပဂိုး သွင်းပေးခဲ့ပြီး ၅၄ မိနစ်မှာ လုခ် သောမတ်စ်က ဒုတိယဂိုး ထပ်မံ သွင်းယူပေးခဲ့လို့ လက်စတာစီးတီးတို့ အဖိုးတန် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၆၀ ကျော်မှာ အိုလီဗာ မက်ဘာနီက ဟားလ်စီးတီး အတွက် ချေပဂိုး ပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ ၂-၂ ရလဒ်နဲ့ သရေကျခဲ့ရပါတယ်။
လက်စတာစီးတီး အတွက် ဒီရာသီဟာ အိမ်ကွင်း စွမ်းဆောင်ရည် တော်တော်လေး ဆိုးရွားတဲ့ ရာသီ တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် အတွင်း အိမ်ကွင်းမှာ ၇ မှတ်သာ ရရှိခဲ့ပြီး (၂ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၇ ပွဲ ရှုံး)၊ ဒါဟာ တန်းဆင်းသွားပြီးသား ရှက်ဖီးဝမ်းနက်စ်ဒေး ပြီးရင် အနည်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် လက်စတာစီးတီးဟာ ဒီရာသီမှာ ဦးဆောင်ဂိုး ရရှိထားပြီးမှ ပြန်လည် အရှုံးပေးခဲ့ရတဲ့ ရမှတ်ပေါင်း ၃၀ အထိ ရှိခဲ့ပြီး ဒါဟာ လိဂ် အတွင်း အများဆုံးလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ လက်စတာစီးတီး အသင်းရဲ့ မျှော်မှန်းဂိုး (xG) ဟာ ၃.၀၆ အထိ ရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံခဲ့တဲ့ လက်စတာစီးတီးဟာ အခုဆိုရင် ၃ နှစ် ဆက်တိုက် တန်းဆင်းခဲ့ရတဲ့ မှတ်တမ်းဆိုးနဲ့ အတူ လိဂ်ဝမ်းဆီ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဇယားထိပ်ပိုင်း မှာတော့ ဖရန့်ခ် လမ်းပတ် ကိုင်တွယ်နေတဲ့ ကိုဗင်ထရီစီးတီးက ပို့စ်မောက်ကို ၅-၁ နဲ့ အပြတ်အသတ် အနိုင်ယူပြီးနောက် ချန်ပီယံရှစ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကိုဗင်ထရီစီးတီး အတွက် ဂိုးတွေ ကိုတော့ ဟာဂျီ ရိုက်၊ အက်ဖရွန် မေဆင်-ကလပ်ခ် (၂ ဂိုး)၊ ဂျေး ဒါဆေးလ်ဗား (OG)၊ ကိန်း ကက်စလာ-ဟေးဒန် တို့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
တဖက် မှာလည်း မီဝေါလ်က စတုတ်စီးတီးကို ၃-၁ နဲ့ အနိုင်ယူပြီး ချန်ပီယံရှစ် ဇယားထိပ်ဆုံး နှစ်သင်း စာရင်းထဲ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန် ကတော့ ဘရစ္စတိုးလ်စီးတီးနဲ့ ၂-၂ သရေကျခဲ့လို့ ၁၇ ပွဲဆက် ရှုံးပွဲ မရှိမှတ်တမ်း ရရှိထားပေမယ့် တိုက်ရိုက် တန်းတက်ခွင့် နေရာနဲ့ ၃ မှတ် ကွာဟသွားခဲ့ပါတယ်။ လက်ရှိမှာ အစ်ပ်ဆွစ်ချ်က ပွဲကစားဖို့ ၂ ပွဲပိုကျန်နေပြီး ဆောက်သမ်တန်ရဲ့ အထက် တတိယနေရာမှာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


