ခရစ္စတယ်ပဲလေ့စ် ကတော့ ယူရိုပါကွန့်ဖရင့်လိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။ ဒီအခြေအနေမှာ နည်းပြ အိုလီဗာ ဂလက်စ်နာ ကတော့ ယူရိုပါကွန့်ဖရင့်လိဂ်ကို ဦးစားပေးဖို့ အတွက် ကျန်ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကို အလုံးအရင်းနဲ့ လူစားလဲတာမျိုး လုပ်မှာ မဟုတ်ကြောင်း ဝက်စ်ဟမ်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ပဲလေ့စ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ် ကွာတားဖိုင်နယ်မှာ ဖီအိုရင်တီးနားကို နှစ်ကျော့ပေါင်း ၄-၂ နဲ့ အနိုင်ယူပြီးနောက် အိမ်ကွင်း ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂလက်စ်နာဟာ လူစာရင်းကို ၄ နေရာ ပြောင်းလဲခဲ့ပြီး အဓိက ကစားသမားတွေ ဖြစ်တဲ့ မက်တေးတား၊ အစ္စမိုင်လာ ဆားနဲ့ ကာမာဒါ တို့ကို အရန်ခုံမှာပဲ ထားခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ အစ္စမိုင်လာ ဆား ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် မက်တေးတားရဲ့ လက်နဲ့ ထိခဲ့တယ် ဆိုပြီး VAR က ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ ဒီပွဲဟာ ပဲလေ့စ် အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ကြိမ်မြောက် ဂိုးမရှိ သရေပွဲလည်း ဖြစ်လာခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ရှက်တာဒိုးနက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲမတိုင်ခင် အန်းဖီးလ်မှာ လစ်ဗာပူးလ်နဲ့ ကစားရမယ့် ပွဲစဉ် အတွက် ကစားသမားတွေကို အနားပေးမလားဆိုတဲ့ မေးခွန်းကို ဂလက်စ်နာက အခုလိုပဲ ဖြေကြားခဲ့ပါတယ်။
“မလုပ်ပါဘူး။ လစ်ဗာပူးလ်နဲ့ ပွဲမတိုင်ခင် သူတို့ ၂ ရက် အနားရပါလိမ့်မယ်။ အဲဒီနောက်မှာမှ ကျွန်တော်တို့ ပြင်ဆင်မှုတွေ စမှာပါ။ ပရီးမီးယားလိဂ် ပွဲပြီး ၅ ရက် အကြာမှာမှ ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်လို့ ကစားသမားတွေ လန်းဆန်းနေဖို့ အချိန်အလုံအလောက် ရှိပါတယ်။”

ဆက်လက်ပြီး သူက ပထမအကျော့ ပွဲစဉ် ပြီးသွားမှသာ လူစာရင်းကို အလှည့်ကျ သုံးကောင်းသုံးနိုင်ပေမယ့် လက်ရှိ မှာတော့ အဆင်သင့်ဆုံး ဖြစ်နေတဲ့ ကစားသမားတွေ ကိုပဲ ဆက်လက် အသုံးပြုသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့ ပွဲမှာ နှစ်သင်းစလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၉ ကြိမ်စီ ရှိခဲ့ပေမယ့် ပဲလေ့စ်က ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ မျှော်မှန်းဂိုး (xG) အနေနဲ့ ပဲလေ့စ်က ၀.၆၈ ရှိပြီး ဝက်စ်ဟမ်းက ၀.၆၁ ရှိခဲ့ပါတယ်။
ဒီပွဲနဲ့ ပတ်သတ်ပြီးတော့ ဂလက်စ်နာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဒါဟာ အနိုင်ရသင့်တဲ့ ပွဲတစ်ပွဲလို့ ကျွန်တော် ခံစားရပါတယ်။ ပြိုင်ဘက်က ပေးတဲ့ ကွက်လပ်တွေကို ကျွန်တော်တို့ ကောင်းကောင်း အသုံးမချနိုင်ခဲ့ဘူး။ ကျွန်တော် တို့ရဲ့ ခံစစ်ပိုင်း ကတော့ အလွန် ကောင်းမွန်ခဲ့ပါတယ်။ ဝက်စ်ဟမ်းရဲ့ အဓိက အန္တရာယ်က တည်ကန်ဘောတွေပါပဲ။ ပုံမှန်ကစားကွက် မှာတော့ ကျွန်တော်တို့ အားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဘောလုံး ပေးပို့မှုတွေက အနည်းငယ် နှေးကွေးခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ပုံစံ အတိုင်း ကစားနိုင်ခဲ့ရင် ဒီပွဲကို အနိုင်ရနိုင်ပါတယ်။” လို့ ဆိုပါတယ်။
လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်အလတ်ပိုင်းမှာ တည်ငြိမ်စွာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၁၁ မှတ် ကွာဟနေပါတယ်။ အကယ်၍ ပဲလေ့စ်သာ ယူရိုပါကွန့်ဖရင့်လိဂ်မှာ အောင်ပွဲခံနိုင်မယ် ဆိုရင်တော့ ဂလက်စ်နာ လက်ထက် တတိယမြောက် ဆုဖလား အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


