ဘန်လေကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီး မှာတော့ ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာ တစ်ယောက် အသင်း အပေါ် စိတ်ပျက်ပြီး အားမလိုအားမရ ဖြစ်နေပါတယ်။ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ဟာ ရုန်းကန်နေရတဲ့ ဘန်လေကို ပွဲချိန် တော်တော်များများ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စနာ အနေနဲ့ သူတို့ရဲ့ အိမ်ကွင်းမှာ ဘန်လေကို နှစ်ဂိုး အသာနဲ့ ဦးဆောင်ထားပြီးမှ ဘယ်လိုကြောင့် ရှုံးနိမ့်သွားတယ် ဆိုတာကို ရှင်းပြဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အသင်း အတွင်းမှာ ‘ခေါင်းဆောင်မှုအပိုင်း အားနည်းချက်’ ရှိနေတာက ဒီရှုံးနိမ့်မှုရဲ့ အဓိကအချက်လို့ သူက ယုံကြည်နေပါတယ်။
ဘန်လေဟာ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ် ၁၆ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ အသင်းပါ။ ပွဲစပြီး ၃၃ မိနစ် အတွင်းမှာ ပဲလေ့စ်ရဲ့ ကစားသမားသစ် ယော်ဂန် စထရန်း လာဆင်က နှစ်ဂိုး သွင်းယူပေးခဲ့တာကြောင့် ပဲလေ့စ်တို့ ပွဲကို လုံးဝ စိုးမိုးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီး ၇ မိနစ်အတွင်း မှာပဲ အဖြစ်အပျက်တွေက ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။
ဘန်လေ အတွက် ဟန်နီဘယ်လ် မက်ဂျ်ဘရီနဲ့ ဂျေဒန် အန်တိုနီ တို့က တစ်ဂိုးစီ ပြန်သွင်းခဲ့သလို၊ ပဲလေ့စ် နောက်ခံလူ ဂျက်ဖာဆန် လာမာ ကလည်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် ဘန်လေတို့ ပထမပိုင်း မှာတင် ၃-၂ နဲ့ အံ့အားသင့်ဖွယ် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၅ ခုနှစ်က စပါးအသင်း နယူးကာဆယ်ကွင်းမှာ ကစားခဲ့တဲ့ပွဲ ပြီးနောက် ဘန်လေဟာ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်နဲ့ ရှုံးနေရာ ကနေ ပထမပိုင်း မပြီးခင်မှာတင် ပြန်လည် ဦးဆောင်နိုင်ခဲ့တဲ့ ဒုတိယမြောက် အဝေးကွင်း အသင်း ဖြစ်လာခဲ့ပါတယ်။

ဒီပွဲဟာ နည်းပြ အိုလီဗာ ဂလက်စ်နာ အတွက် ပဲလေ့စ်ကို ပွဲပေါင်း ၁၀၀ မြောက် ကိုင်တွယ်တဲ့ပွဲ ဖြစ်ပေမယ့် စိတ်ပျက်စရာ ရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ရတာပါ။ ဒါကြောင့် ပွဲအပြီးမှာ သူက TNT Sports ကို အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ရှင်းမပြတတ်တော့ဘူး၊ ပွဲကို လွယ်လွယ်ကူကူပဲ လက်လွတ်လိုက်ရတာပါ။ ကစားအားလည်း အားနည်းခဲ့သလို ခံစစ် ကလည်း မကောင်းခဲ့ပါဘူး။”
“မိနစ် ၉၅ မိနစ်လုံး တသမတ်တည်း ကောင်းအောင် မကစားနိုင်ကြဘူး။ တစ်ခါတလေ ဒီအကြောင်းပြချက်၊ နောက်တစ်ခါတလေ တခြား အကြောင်းပြချက်နဲ့ အမှားလုပ်ပြီး အပြစ်ပေးခံနေရပါတယ်။ အခုအချိန်မှာ ကွင်းထဲမှာ အသင်းကို ဦးဆောင်ပေးနိုင်မယ့်သူ၊ ကစားသမားတွေကို တည်ငြိမ်အောင် လုပ်ပေးနိုင်မယ့်သူ မရှိဘူး။ ဒါကြောင့်ပဲ ကျွန်တော်တို့ ရှုံးခဲ့တာပါ။” လို့ ဆိုပါတယ်။
ဘန်လေ နည်းပြ စကော့တ် ပါကား ကတော့ သူ့အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အခုလိုပဲ ချီးကျူးခဲ့ပါတယ်။ “ကျွန်တော် အသင်း အတွက်ရော ရလဒ် အတွက်ပါ အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ ရောက်နေတဲ့ အခြေအနေအရ ဒီပွဲက ခံနိုင်ရည်ရှိမှုနဲ့ အသင်းသားတွေရဲ့ ပေးဆပ်မှုကို ပြသနိုင်ခဲ့တာပါ။ ၂-၀ နဲ့ ရှုံးနေရာ ကနေ အခုလို ပြန်လာနိုင်တဲ့ အသင်းမျိုး သိပ်မရှိပါဘူး။ အသင်းသားတွေ ဘယ်လောက် စည်းလုံး ညီညွတ်တယ် ဆိုတာ ဒီပွဲက သက်သေပြလိုက်တာပါပဲ။” လို့ ပါကားက ဆိုပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့လကမှ အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို မန်စီးတီး အသင်းထံ ရောင်းချထားရတာကြောင့် ခေါင်းဆောင်ကောင်း လိုအပ်နေတာ သိသာနေပါတယ်။ ဘန်လေ အတွက်တော့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် တန်းဆင်းဇုန် ကနေ လွတ်မြောက်ဖို့ ၉ မှတ် အကွာ အထိ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပဲလေ့စ် ကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


